Loading...

Wednesday, August 9, 2017

သရဲ - ၅၉

အညိုရောင် စိတ်ကို
တိမ်စွန်တိမ်ဖျားမှာ
ချိတ်ပြီးလွှတ်တင်လိုက်တယ်
အိပ်မက်တွေက လေသလပ်လွန်းတော့
မိုးစက်မိုးပေါက်တွေ ခမျာ
ပြာနှမ်းလို့
တပွင့်ချင်းစီ မနည်းလိုက်ကောက်ယူနေရပေါ့

Wednesday, August 2, 2017

သရဲ - ၅၈

တစ်နေ့မှာ
တစ်ယောက်ယောက်ကတော့
လောကကြီးထဲကနေ
အရင်ထွက်ခွာသွားရမှာပဲ
'ဘယ်တော့မှမခွဲဘူး' လို့
တစ်ယောက်ကပြောလိုက်ရင်
နောက်တစ်ယောက်က
ပြည့်ပြည့်ဝဝယုံကြည်သွားတယ်ဆိုတာ
မေတ္တာတရားနဲ့ပဲဆိုင်ပါတယ်

Sunday, July 30, 2017

သရဲ - ၅၇

'ရှင်သန်ခြင်း' ဆိုတာလည်း
ဇိမ်ခံပစ္စည်း သက်သက်ပါကွာ

Thursday, July 27, 2017

သရဲ - ၅၆

လောကကြီးက သိပ်ထူးဆန်းတယ်

တကယ့်ဘဝထဲမှာ
'ထာဝရ' ဆိုတာ 'တခဏ' ဖြစ်ပြီး


စိတ်ကူးယဉ်ကမ္ဘာထဲမှာ
'တခဏ' ဆိုတာ 'ထာဝရ' ဖြစ်တယ်

Monday, July 24, 2017

သရဲ - ၅၅

ပြီးဆုံးသွားတဲ့ နေ့ရက်တွေကိုပြန်လိုခြင်လို့
မစရသေးတဲ့ မနက်ဖြန်တွေ
ကြိုတင် ပြီးဆုံးလိုက်ရခြင်းကို
အလွမ်းဟုခေါ်တွင်စေ

Sunday, July 23, 2017

သရဲ - ၅၄

နေ့တစ်နေ့ကုန်သွားတော့ ကိုက်ခဲနေတဲ့ ခေါင်းတစ်လုံးပဲ စားပွဲပေါ်မှာကျန်ခဲ့တယ်၊ တံစက်မြိတ်ကနေ တစ်စက်စက်ကျနေတဲ့ ရေတွေနဲ့အတူ အပေါ်ထပ်က ညည်းငြူသံတွေ အပိုပါလာတယ်၊ လျှော်ပြီး မခြောက်တဲ့ ခေါင်းဦးစွတ်တွေမှာ ရေနံ့တွေနံလွန်းတယ်၊ ချစ်သူကတော့ပြောတယ်၊ အဲ့ဒါရေနံ့တွေမဟုတ်ဘူး၊ မောင့်ဆံပင်တွေကနေထွက်တဲ့ အတိတ်နံ့တွေတဲ့၊ ကိုယ့်ကိုယ်ကို ပင်မင်းဆိုင်သွားပို့တော့ အိတ်နဲ့မထုတ်လာလို့တဲ့ ဆိုင်က လက်မခံဘူး၊ မထူးဘူးဆိုပြီး အဆင်သင့်ထုတ်ပိုးပြီးသား တနင်္ဂနွေကိုပဲ အစွန်းချွတ်ဖို့ ထားခဲ့လိုက်ရတယ်၊ လမ်းပေါ်ကလူတွေရဲ့လမ်းလျှောက်ပုံဟာ ဘာဖြစ်လို့ ရုပ်ရှင်လိုဖြစ်နေရတာလည်း၊ ကိုယ်ကလည်း အတွေးသမား၊ တစ်ခုခုကိုတွေးမိရင် မိုးတစ်တွင်းစာလောက်ကြာတယ်၊ ဒါကြောင့်လည်း ခေါင်းဦးစွပ်တွေမှာ မှိုတွေစွဲနေတာ၊ ဘယ်တော့မှ မပျောက်ဆုံးမယ့် ထီးတစ်လက်ကို ပိုင်ဆိုင်ချင်ခဲ့ဖူးတယ်၊ နောက်တော့လည်း မိုးရာသီကြီးပါ ပျောက်ဆုံးသွားခဲ့ဖူးတယ်၊ တစ်အိမ်တတ်ဆင်းလိုက်ရှာနေရင်း ကိုယ်မေ့နေတဲ့ လွယ်အိတ်တစ်လုံးကို ပြန်တွေ့တယ်၊ ပိုင်ရှင်အသစ်နဲ့ ရယ်လို့မောလို့၊ ဒီလိုနဲ့ ဗွက်တအားစင်တဲ့ ရာဘာဖိနပ်ကို အဲ့ဒီအိမ်မှာ ထားခဲ့လိုက်တယ်၊ ကိုယ့်အိမ်ရှေ့က သစ်ပင်ကြီးကို ဓါတ်ကြိုးနဲ့ မလွတ်လို့ ခုတ်ပစ်လိုက်ကြတော့ ကိုယ့်မှာ ဟာတာတာနဲ့၊ ဝရန်တာမှာတောင်မထိုင်ရဲတော့ဘူး၊ တချို့သက်မဲ့ပစ္စည်းတွေရဲ့ သေဆုံးမှုကို ခုချိန်ထိ လက်မခံနိုင်သေးဘူး၊ သူတို့သေဆုံးမှုတွေက တအားကြောက်ဖို့ကောင်းတယ်၊ ဖိနပ်တစ်ရံ သေဆုံးတာကို မြင်ပြီးကတည်းက လမ်းတောင်သိပ်မလျှောက်ဖြစ်တော့ဘူး၊ နေ့တစ်နေ့ကုန်သွားတော့ သေဆုံးနေတဲ့ မိုးရေတွေ ကိုယ့်ခေါင်းထဲ အပြည့် ကျန်ခဲ့တယ်။

Friday, July 21, 2017

One more light

တကယ်လည်း ခင်များကို ဘယ်သူမှ မကယ်နိုင်တော့ဘူး
နှုတ်ဆက်ထွက်သွားတဲ့ အကွက်လေးက သိပ်လှတယ်
ခင်များတစ်ယောက်တည်း ကိုယ့်ကိုကိုယ် ပြန်ပြောနေခဲ့တဲ့စကားလုံးတွေက
လူတော်တော်များများအတွက် စစ်ချီတေးဖြစ်လာတော့မယ်
တိတ်တဆိတ် ပျောက်ဆုံးသွားပုံက အသံသိပ်ကျယ်လွန်းတယ်
ခင်များမေးတာကိုဖြေရမယ်ဆိုရင်
လောကကြီးမှာ ဘယ်တစ်ခုမှ ကြီးကျယ်မြင့်မြတ်မနေဘူး
အခုခဏတာတော့ သိပ်ကို ဝမ်းနည်းပူဆွေးရတယ်
တကယ်တော့ ဝမ်းနည်းပူဆွေးမှုဆိုတာ ကြာချိန်နဲ့မဆိုင်ပါဘူး
ဝမ်းနည်းပူဆွေးနေတဲ့ သက်ရှိအရေအတွက်နဲ့ ပဲဆိုင်တာ
ဒီလိုဆိုတော့ ခင်များဘက်ခြမ်းက ရွေးချယ်မှု တဝက်တော့မှန်တယ်
တခါတလေ ကျုပ်တို့လူတွေဆိုတာက
သန်းပေါင်းများစွာသော ကြယ်တွေထက်
နားကြပ်ထဲက အလင်းစက်လေးကိုပဲ
ပိုမက်မောတတ်ကြတာ ခင်းများမသိဘဲ မနေဘူး
ကျုပ်တို့မှာ နောက်ထပ်အလင်းတစ်စက်တောင် ထပ်တောင်းခွင့် မရှိတော့ဘူး
ခင်းများငြိမ်ငြိမ်လေးကိုင်ထားတဲ့ ကက်ကြေးကိုမှ
ကျုပ်တို့တွေ ရင်ဘတ်နဲ့ ပြေးထိုးခဲ့ကြတာလေ



(In the loving memory of Chester, the whole poem is inspired by "One more light" of Linkin Park)

Wednesday, July 19, 2017

သရဲ - ၅၃

ကြေကွဲ
ငါဟာ ကြေကွဲ
တစ်ယောက်တည်း ကြေကွဲ
နှစ်ယောက်အတူတူကြေကွဲ
ဘယ်သူမှမရှိလို့ကြေကွဲ
လူတွေကြားထဲကြေကွဲ
လူခြေတိတ်ချိန်ဆို ပိုပြီးကြေကွဲ
စောင့်နေတဲ့လူရောက်မလာလို့ကြေကွဲ
အနားကလူထွက်သွားလို့ကြေကွဲ
အတိတ်မှာ ကြေကွဲ
အခုထိ ကြေကွဲ
နောက်ထပ်ပြီးလည်း ဆက်ပြီးကြေကွဲ
အိပ်လို့မပျော်ပဲ တညလုံးကြေကွဲ
မနက်ဖြန်ကိုငေါင်တောင်တောင်ကြီးရောက်လာလို့ ကြေကွဲ
မနေ့က ကို ပြန်မရောက်နိုင်တော့လို့ကြေကွဲ
အဖြစ်အပျက်တွေကြောင့် ကြေကွဲ
လူတွေကြောင့်ကြေကွဲ
ကြောင်လေးပျောက်သွားလို့ကြေကွဲ
ကြောင်လေး ဒါဏ်ရာတွေနဲ့ပြန်ရောက်လာလို့ ကြေကွဲ
အရာရာဟာကြေကွဲ
ဘာမှမရှိပဲကြွေကွဲ
ပျော်ရွှင်နေရင်းကြေကွဲ
ဝမ်းနည်းနေရင်းကြေကွဲ
ရယ်ရယ်မောမောနဲ့ကြေကွဲ
ငိုကြီးချက်မနဲ့ ကြေကွဲ
ကျေကျေနပ်နပ်ကြီး ကြေကွဲ
လိုလိုလားလားနဲ့ နေ့စဉ်ကြေကွဲ
လမ်းလျှောက်နေရင်းကြေကွဲ
အဝေးကြီးကိုငေးရင်းကြေကွဲ
ထွက်ပြေးနေရင်းကြေကွဲ
ပုန်းရှောင်နေရင်းကြေကွဲ
မွေးကတည်းက ကြေကွဲ
မနေချင်တော့လို့ကြေကွဲ
သေလို့မရလို့ကြေကွဲ
သေပြီးသွားလည်း တသံသရာလုံးဆက်ပြီးကြေကွဲ
ကြေကွဲစရာမရှိလည်း အလိုလိုကြေကွဲ
ငါဟာ အချိန်ပြည့်ကြေကွဲ

Saturday, July 15, 2017

သက်တမ်း



ထွက်သွားကြရအောင်လို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ပြီးကာမှ
ထွက်မသွားနိုင်မယ့် အကြောင်းတရားတွေ မဖန်တီးကြေးလေ
ပြန်လာမယ် ပြန်မလားဘူးဆိုတာ မေးရမယ့် အချိန်မဟုတ်တော့ဘူး ဖြူ
ဆုံဆည်းမှုတိုင်းမှာ နှစ်မျိုးရှိတယ်
လူ့သက်တမ်းရှိသလောက် ဆုံနေရတာမျိုးနဲ့
ခံစားမှု သက်တမ်းရှိသလောက် ဆုံနေရတာမျိုး
နှစ်မျိုးလုံးက ဒီသံသရာမှာ ယာယီပါပဲ
ခွဲခွာမှု တွေကို တိုင်းတာတဲ့ အယူအဆ အမျိုးမျိုးရှိနိုင်တယ်
ရုပ်ပိုင်းဆိုင်ရာနဲ့ တိုင်းရင် ဝေးနေတတ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ တိုင်းရင် နီးနေပြန်ရော
လက်ခံတတ်မှုနဲ့ပဲဆိုင်ပါတယ်
ခန္ဓာကိုယ်ခြင်း ထိခက်ရမှ မဟုတ်ပါဘူး
စိတ်ချင်းထိခက်နေရလည်း “အတူတူ” ဆိုတဲ့ စကားလုံးပဲ ကိုယ်သုံးမယ်
လတ်ဆတ်တဲ့ သစ်သီးတွေတောင်မှ ပုတ်သိုးကြသေးတာပဲ
အိပ်မက်မမက်တတ်တော့တာ ဘာအရေးလည်း
တစ်နေ့ကြရင် အကုန်လုံး ပျောက်ဆုံးသွားမှာ
ဘာနဲ့မှ တားလို့မရဘူးလေ
အရင်ပျောက်ဆုံးတာ၊ နောက်ကျပြီးမှ ပျောက်ဆုံးတာ၊ အတူတူပျောက်ဆုံးတာ
အားလုံးက အတူတူပဲလို့ ကိုယ်မှတ်ယူမယ်
တစ်ရက်တည်းဆုံဆည်းရပြီး တစ်သံသရာလုံး ထင်ကျန်နေတာမျိုးနဲ့
တစ်သက်လုံး ဆုံဆည်းနေပြီး တခဏအတွင်း ပျောက်ဆုံးသွားတာမျိုးဆို
ဘယ်ဟာကို ရွေးမလည်းဖြူ
ရွေးချယ်မှုတွေကလည်း ခက်တယ်
ဘယ်ဟာ ရွေးရွေး အမှန်ချည်းပဲလေ
မိုးပေါ်ကကျလာပြီး မြေကြီးထဲ စိမ့်ဝင်သွားတဲ့ ရေစက်တွေမှာလည်း သူ့သက်တမ်းနဲ့သူ
သစ်ရွက်ခြောက်တွေရဲ့ သက်တမ်းနဲ့ သစ်ပင်ကြီးရဲ့ သက်တမ်း ဘယ်လိုလုပ်ပြီး တူနိုင်မှာလည်း
အပြန်အလှန် ဖက်တွယ်ထားမှုနဲ့ပဲဆိုင်တာပါ
အချိန်ကာလဆိုတာ ကိုယ်တို့မတတ်နိုင်တဲ့ ကိုယ်တို့နဲ့ မဆိုင်တဲ့ဘာသာဗေဒ
ခွဲခွာသွားရမှာက ကြောက်စရာမဟုတ်ဘူး
တစ်ချို့တွေပြောလေ့ရှိတဲ့ “မဆုံဖြစ်ခဲ့ရင်ကောင်းမယ်” ဆိုတဲ့စကားက ပြဿနာ
တွေ့ဆုံခဲ့ကြပြီးပြီ၊ ထင်ကျန်နေဦးမယ် ဆိုတာလည်း အသေအချာ၊
ရေစက်ကလေးက မြေကြီးထဲ စိမ့်ဝင်ပြီးသွားရင် အငွေ့ပြန်ပြီး မိုးပေါ်ပြန်တတ်သွားလိမ့်မယ်
နောက်ဆုံးသစ်ရွက်လေးကြွေပြီး အချိန်အနည်းငယ်အတွင်းမှာ
သစ်ပင်ကြီးပါလဲကျ သေဆုံးသွားလိမ့်မယ်
ပြန်လာမယ် ပြန်မလာဘူးဆိုတာ မေးရမယ့် အချိန်မဟုတ်တော့ဘူး ဖြူ

Wednesday, June 28, 2017

သရဲ - ၅၂

ပြတ်ရှဒါဏ်ရာတစ်ခုကို ဆေးမထည့်ခင်
ရေနဲ့ဆေးချလိုက်တော့
အမှတ်တရ ဓါတ်ပုံအဟောင်းလေး ပါသွားတယ်
သေမှုသေခင်းဖြစ်ထားတဲ့ အခန်းထဲမှာ
ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ အနာကို
လက်ပူတိုက်ကုစားနေရတာလည်း
အဝေးကြီးဝေးပြီး အကြာကြီး ကြာတယ်



Monday, June 26, 2017

သရဲ - ၅၁

"ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ
ထိခိုက်စေနိုင်ပါသည်" ဆိုတာ
ဆေးလိပ်ဖြတ်ဖို့ အကြောင်းပြချက်ကောင်း မဟုတ်တော့
နောက်တစ်လိပ် ထပ်ပြီး မီးညှိပေါ့

"ပြန်မဆုံနိုင်တော့ဘူး" ဆိုတဲ့အသိဟာ
ဆက်ပြီး မလွမ်းဖို့ အကြောင်းပြချက်မဟုတ်တော့
နောက်တစ်ရက် ထပ်ပြီး
အသက်ဆက်ရှင်နေရုံပေါ့

Monday, June 12, 2017

သရဲ - ၅၀

ကောင်းကင်နဲ့ မြေကြီးကြားမှာ
တိမ်တွေ ညိုမည်းပြီးသွားတဲ့အခါ
မိုး ဆိုတာ ရွာတယ်တဲ့
အိမ်ထဲကို မိုးရေတွေပက်တော့
ဆေးလိပ်ငွေ့တွေက တိမ် ပြန်မဖြစ်နိုင်တော့ဘူး
ငါ့စိတ်ကလည်း မိုးတွင်းဆို အမြဲ ညိုမည်းပြီး ရွာသွန်းလေ့ရှိတယ်

Saturday, June 3, 2017

သရဲ - ၄၉

နေမပျော်တော့တဲ့ နေရာကနေ ထွက်ပြေးပြီး
ပျော်ပျော်နေလို့ရမယ့် နေရာကို လိုက်ရှာနေရတာ
မပျော်တော့ဘူး

Friday, June 2, 2017

သရဲ - ၄၈

စကားလုံးတွေနဲ့ ရှင်းပြလို့ရတဲ့ အရာတွေလည်းရှိမယ်
အမူအရာနဲ့ ရှင်းပြလို့ရတဲ့အရာတွေလည်းရှိမယ်
အထိအတွေ့နဲ့ရှင်းပြလို့ရတဲ့အရာတွေလည်းရှိမယ်
သင်္ကေတနဲ့ ရှင်းပြလို့ရတဲ့အရာတွေလည်းရှိမယ်
ခံစားချက်နဲ့ရှင်းပြလို့ရတဲ့အရာတွေလည်းရှိမယ်
နာကျင်မှုနဲ့ရှင်းပြလို့ရတဲ့အရာတွေလည်းရှိမယ်
သဘာဝတရားကရှင်းပြတဲ့အရာတွေလည်းရှိမယ်
အိပ်မက်နဲ့ ရှင်းပြလို့ရတဲ့ အရာတွေလည်းရှိမယ်
ဘာနဲ့မှရှင်းပြလို့မရတဲ့ အလွမ်းကိုတော့
သူပြန်လာတဲ့အထိ သိမ်းထားရမယ်

Wednesday, May 31, 2017

သရဲ - ၄၇

ချက်ချင်းကြီးတော့
ဘယ်အသားကျလိမ့်မလဲ
သူ့ခမျာ
အကြိမ်ပေါင်းများစွာ သေဆုံးပြီးမှ
ဒီအပြုံးမျိုး ရတာ

Friday, May 19, 2017

သရဲ - ၄၆

အလင်းက
အသံထက် ပို မြန်တယ် လို့
ပြောကြတယ်

ကိုယ်ကတာ့
မိုးတွေမရွာခင်
အလွမ်းကို အရင်မြင်ရလေ့ရှိတယ်

Thursday, May 18, 2017

သရဲ - ၄၅

သစ်ပင်တွေရဲ့ဘဝဟာ သိပ်ပြည့်စုံတယ်

သူတို့မှာ အထီးကျန်တဲ့စိတ်မရှိသလို
လူတွေနဲ့ဝေးရာကိုထွက်ပြေးဖို့လည်း
ဘယ်တော့မှမတွေးကြဘူး


ဝမ်းနည်းလာရင်အရွက်တွေ ကြွေလိုက်မယ်
ပျော်ရွှင်လာရင် အပွင့်တွေ ပွင့်လိုက်မယ်
ဘဝကို ကျေနပ်သွားတဲ့တစ်နေ့
တိတ်တိတ်လေး သေဆုံးသွားမယ်

သူတို့ ရှင်သန်မှုဟာ ရှင်သန်မှု သက်သက်ပဲ
သိပ်ကို ရိုးရှင်းပြီး လှပတယ်

ကိုယ့်ကို သစ်ပင် တစ်ပင် ဖြစ်လာသည်အထိ
စိုက်ပျိုးပေးပါ ဖြူ

Sunday, May 14, 2017

သရဲ - ၄၄

ဦးနှောက်က အရမ်းပေါ့ပါးသွားတဲ့အခါ
ဝစ်စနှစ်လုံးပေါက်တွေကို မမြင်တော့ဘူး
လမ်း(အ)ဆုံး ကို လမ်းဆုံ မှတ်ပြီး
ဘယ်ဘက်ဆက်သွားရမလဲလို့
ရှာနေမိတာမျိုး

Friday, May 12, 2017

သရဲ - ၄၃

တိမ်တွေကို လေတံခွန်မှတ်ပြီး
ရစ်ဘီးကိုဆွဲချလိုက်တော့ တစ်ကိုယ်လုံးရွှဲသွားတယ်
မှောင်နဲ့မည်းမည်း မီးကိုခြစ်လိုက်တော့
ကိုယ် မိုးခိုနေတဲ့ သစ်ခြောက်ပင်ကို မိုးကြိုးပစ်ချတယ်
လောကကြီးဟာ တရားပါတယ်
ငါကိုက နေရာမှား နားနေမိတာနေမှာ

Thursday, May 4, 2017

သရဲ - ၄၂

ရုံးဆင်းအိမ်ပြန်ရင်
ပက်လက်ကုလားထိုင်ဝင်ဝယ်မယ်
အိမ်ပြန်ရာက်ရင် ဖုန်းပိတ်ထားမယ်
အိမ်တံခါးကို အပြင်ကနေ သော့ခတ်ထားမယ်
ခြောက်လွှာကနေ လူတွေရဲ့ ညနေကို ထိုင်ငေးမယ်

ကိုယ့်မှာ ဘာမှ မရှိဘူးဆိုပေမယ့်
လေတိုက်တဲ့ ဝရန်တာတစ်ခုရှိတယ်၊
ဆေးလိပ်ရှိတယ်၊
ကော်ဖီရှိတယ်၊
ဘယ်လောက်ပင်ပန်းပင်ပန်း ကိုယ်အမြဲကြားခွင့်ရှိတဲ့ အသံလေးရှိတယ်

လောကကြီးဆီကနေ ကိုယ် ပျောက်ဆုံးသွားတဲ့အခါ
ဘယ်သူမှ မသိတဲ့ ကိုယ်ပိုင် လောကကြီးတစ်ခု
တိုးတိုးတိတ်တိတ် ဖန်တီးတည်ဆောက်တတ်ရတယ်လေ။